ကျွန်တော်တော်ငယ်ငယ်က ၂
Posted by saooaime on May 15 2009 04:29:23
ကျွန်တော်ငယ်ငယ်က ကျောင်းမရှိရင် နေမြင့်မှ ထတက်တယ်ဗျ။ နေ့လည်ဆိုဘယ်တော့မှ မအိပ်ဘူး။ မူကြိုတုံးကဆို ဆရာမကအတင်းအိပ်ခိုင်းရတာ။ အဲဒါနဲ့ ဟန်ဆောင်ပန်ဆောင် အိပ်တယ်ပေါ့။ ဆရာမလည်း ထွက်သွားရော ထကမြင်းကြရော။ မူကြိုတုန်းက အကြောင်းတစ်ချို့မှတ်မိနေသေးတယ်။ ကျွန်တော်တက်ခဲ့တဲ့ မူကြိုက ဗိုလ်ချုပ်ကျေးရုပ်အ၀ိုင်းကြီးနားက အစိုးရမူကြိုပါ။ အခုတောင်ရှိသေးလားမသိဘူး။ အဲဒီမှာကျွေးတဲ့ သာကူကြိုကို အခုသွားစားချင်သေးတယ်။ ကျောင်းမှာ ပြိုင်ပွဲတွေလုပ်တော့ ဖားခုန်ရယ်၊ အစားရယ်၊ အင်္ကျီပြေးဝတ်ပြီး ပန်းတိုင်အရာက်ပြေးပွဲ တွေမှာ ၀င်ပါခဲ့ပါတယ်။ ဘယ်ပွဲမှာ ဘာဆုနဲ့လည်းတော့မမှတ်မိပါဘူး။ မူကြိုတံဆိပ်ပါတဲ့ စွပ်ကြယ်တစ်ထည်တော့ရတာသိတယ်ဗျ။ အခုထိတောင်ရှိသေးတယ်။ အဲဒီစွပ်ကြယ်တော်တော်နဲ့ မ၀တ်ဖြစ်ပါဘူး။ အရမ်းကြီးနေလို့လေ။ လူကြီးဝတ်ကြီးဆိုတော့ အဲဒီတုန်းက၀တ်လိုက်ရင် ပြာကလောင် ပြာလချောင် ဖြစ်သွားမယ်။ နောက်ပြီးကျောင်းကပွဲမှာ ကောင်းစွပ်အချွန်ကြီးနဲ့ အဖြူနဲ့ အပြာအစင်းကြား ချုပ်ထားတဲ့အ၀တ်ကို ၀တ်ပြီး စင်ပေါ်တက်ကခဲ့သေးတယ်။ စတက်ဖို့ခေါ်တုန်းက ကြောက်ပြီး ငိုနေသေးတယ်။ အန်မယ် အပေါ်လည်းရောက်ရော ကွေးနေတာ။ ဗီဇကိုကပါတာ။ အဖေတူသားလေ။ တစ်နေ့ မနက် ၇ နာရီကျော်ကျော်လောက်ပဲရှိအုံးမယ်ထင်တယ်။ အဖေက ကျွန်တော့ကို ဖနောက်နဲ့ပေါက်ပြီး မင်း အိပ်ရေးပုတ်လှကြီးလား ဒီလောက်နေမြင့်ပြီး မိုးခြိမ်းနေတာတောင်မနိုးဘူး၊ မင်းက ဆင်တက်နင်းတောင် နိုးမဲ့ကောင် မဟုတ်ဘူး ဆိုပြီး ကုန်းအော်ပါလေရော်။ ကျွန်တော်လည်းဘာလည်းပေါ့ အိပ်ချင်မှုးတူးနဲ့ထရတာ။ တစ်ခါမှ ဒီလိုမလုပ်ဘူးဘူးလေ။ နောက်မှ သိတယ်။ ဟိုဘက် အိမ်က အန်တီချစ်(မချစ် အများအခါ်) က အစောကြီး အိမ်ပေါ်မှာ ငရုပ်ဆုံထောင်းပြီး သူ့သားကို ဆူလိုက်ဆဲလိုက်လုပ်နေတော့ အဖေကတင်းပြီး အော်တာ။ ဟုတ်လည်းဟုတ်တယ် အိမ်က နှစ်အိမ်တာပြောတာ တစ်အိမ်ထည်းလိုပဲ။ ကြမ်းပြင်က တစ်ပြေးတည်း။ ဟိုဘက်ခန်းဒီဘက်ခန်းလိုမျိုး။ နံရံပဲခြားတာ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း မနိုးဘူး။ ငယ်ငယ်ကအခုထိပါပဲ မျက်စိကြောင်နေလို့တို့၊ အတွေးတွေများသွားလို့တို့၊ ရည်းစားပူမိလို့တို့ ဆိုပြီး တစ်ခါမှ အိပ်ရေးမပျက်ဘူး။ ဘယ်သူတွေဘာဖြစ်ဖြစ် ကျွန်တော်က အေးဆေးပဲအိပ်တာပဲ။ ပြီးခဲ့တဲ့နှစ်က နာဂစ်တုန်းကတောင် ၃ နာရီလောက်နိုးလာပြီး စိတ်ကူးပေါက်တာနဲ့ ကောင်မလေးဆီဖုန်းဆက်လိုက်တာ အားတွေဘာရှိသွားသလိုပဲ။ နာဂစ်တောင် မကြောက်တော့ဘူး အိပ်ပြစ်လိုက် မနက်မိုးလင်း ၉နာရီကိုထိုးရော။ အဲတာတောင် ထကြည့်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ပြန်အိပ်တာ နေ့လည် ၁၂ နာရီကျော်မှ ဆူသံတွေကြားလို့ ထလာတာ။ အဲလိုဆိုတော့ ဒီလောက်နဲ့တော့အပြော့ပေါ့။ အန်တီချစ်တို့အကြောင်းအခု ပြန်စဉ်းစားရင် အခုပြုံးမိတယ်ဗျာ။ သူတို့က ရပ်ကွပ်ထဲမှာဆို သူတို့ဖြစ်လိုက်ရင် ဆူညံနေတာ။ ကျွန်တော် ၄ တန်းလောက်ထင်တယ်။ အဖေက ဆိုင်ကယ်ဝယ်မယ်ဆိုပြီး မန္တလေးကို သွားတာ။ ကျွန်တော်လည်းလိုက်သွားရတယ်။ မှတ်မှတ်ရရ ခဲရောင်လေးဗျ။ နောက်မှ ဇီးပြောင်းလိုက်တာ။ အဲဒီတော့ အန်တီချစ်က နည်းနည်းလှုပ်လှုပ်ရွရွဖြစ်လာတာပေါ့။ သူယောက်ျားဆို တစ်နေ့တစ်နေ့ ဆဲလိုက် ဆူလိုက်နဲ့ ဆူညံနေတာ။ တစ်ခါတော့ ဦးမျိုးတင့်က အလုပ်ကောင်းတစ်ခုရပြီး ဒေါ်လာစား ဖြစ်လာပါရော။ အံမယ် အဲဒီတော့ကြလည်း တစ်မျိုးဗျာ။ ကိုမျိုးတင့် ဆိုပြီး ဆီးကြိုရတာနဲ့ ရေခတ်ပေးရတာနဲ့။ ဟာ ဟ။ နောက်တော့ သူတို့ဆိုင်ကယ် တစ်စင်းဝယ်လာပါရော။ နေလည်ကြီးဗျာ။ သူများတွေအိပ်နေတဲ့အချိန်။ ကျွန်တော်က ၀ိမ်းကစားနေတယ်ထင်တယ်။ လမ်းမပေါ်မှာ ဆူညံနေတာပဲ။ ဘောလုံပွဲလိုလို၊ နပန်းပွဲလိုလို၊ အဲဒါနဲ့ထွက်ကြည့်တော့ လားလား ကိုမျိုးတင့်(အဲလေ ဦးမျိုးတင့်) က ဆိုင်ကယ် စီးကျင့်နေတာ။ အဲဒါကို သူက ရပ်ကြည့်ပြီး အောင်မလေး ဟိုကိုတော့ တိုက်တော့မှာဘဲ၊ လဲပြီ၊ စသည်ဖြင့်ပေါ့ဗျာ အော်နေတော့တာ။ တစ်လမ်းလုံးထွက်မကြည့်ဘဲ ဘယ်နေနိုင်တော့မလဲဗျာ။ ဆိုင်ကယ်စီးကျင့်တာ ရာဇ၀င်ပါ ၀င်သွားတယ် ကောင်းရော။