မုံရွာမြို့တွင် နေပူပြင်းရာမှ မိုးများရွာသွန်းကာ လေပြင်းတိုက်ခတ်
Posted by yawgyi on May 17 2010 02:54:47
မုံရွာမြို့တွင် မေလ၁၆ရက်နေ့ နေ့လည်ပိုင်းတွင် အပူချိန် ၄၅ဒသမ ၈ဒီဂရီစင်တီဂရိတ် အထိ ပူပြင်းရာမှ ညနေလေးနာရီဝန်းကျင်တွင် မိုးများရွာသွန်းသည့်အပြင် လေပြင်းများပါတိုက်ခတ်ခဲ့ရာ လမ်းမကြီးများပေါ်တွင် သစ်ပင်များအမြစ် မှကျွတ်ထွက်ခြင်း၊ နေအိမ်အချို့ သစ်ပင်ပိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မုံရွာ အနောက်ပိုင်းချင်းတွင်းမြစ်အနီးက ဘုရားကြီးရပ်ကွက် ဘုရားကြီးလမ်းပေါ်မှာ ကုက္ကိုပင်ကြီး တစ်ပင်အမြစ်ကနေ ကျွတ်ထွက်ပြီး အောက်ကကွမ်းယာဆိုင် လေးပေါ်ပိပြီး လမ်းတစ်ဖက်က တိုက်နံရံအထိလမ်း လုံးပြည့်လဲနေတယ်။ မုံရွာ-မန္တလေး လေးလမ်းပေါ်က အားကာတိုက်တန်းရှေ့က အပင်ကြီးတစ်ပင်လဲနေလို့ ၀ိုင်းဝန်းရှင်းလင်းနေတာတွေ့ရတယ်။ သာစည်လမ်းမပေါ်က အပင်ကြီးတစ်ပင်ကတော့ အိမ်တစ်လုံး ပေါ်ပြိုလဲနေတာတွေ့ရပြီး အိမ်ထဲက မိသားစုသုံးဦးစလုံး ထိခိုက်မှုမရှိဘူးလို့ သိရတယ်။
Extended News
ပေရှစ်ဆယ်လမ်း ပရဟိတကျောင်းအနီးမှာ အပင်ကြီးနှစ်ပင်လမ်းပေါ်က ဖုန်းကြိုးတွေပေါ် ကျိုးကျနေတာတွေ့ရတယ်။ မုံရွာတစ်မြို့လုံး နေရာအနှံ့သစ်ပင်တွေ သစ်ကိုင်းကျိုး၊ သစ်ပင်လဲဓာတ် မီးတိုင်ကျိုးတာတွေ၊ ဆိုင်းဘုတ်တွေ ကျိုးတာတွေတွေ့ရတယ်။ထိခိုက် ဒဏ်ရာရတာမကြားမိဘူး'' ဟူ၍ မုံရွာမြို့မှဒေသခံတစ်ဦးကပြောသည်။ မေလ ၁၆ ရက် ညနေ ၄ နာရီမှ ၄ နာရီ၄၅မိနစ်အထိ တစ်ကြိမ် ၅ နာရီ ခန့်မှ ငါးနာရီခွဲဝန်းကျင်အထိ တစ်ကြိမ် လေပြင်းများတိုက်ကာ မိုးများရွာသွန်းခဲ့ရာ လေတိုက်ခတ်နှုန်းမှာ တစ်နာရီလျင် မိုင် ၄၀ မှ ၄၅ မိုင်အထိရှိကာ မိုးရေချိန်မှာ ၁ ဒသမ ၁၄ လက်မရှိကြောင်း သိရသည်။
Credit: http://weeklyeleven.com