မုံရွာ အရှေ့ဘက် ဈေးသစ်ကြီး မီးလောင်
Posted by parchuu on June 03 2010 01:56:04
မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းဘေးရှိ ဈေးသစ်ကြီးမှ အရှေ့ဘက် ဈေးသစ်ကြီး ... ဒီကနေ့မနက်ပိုင်း (၄)နာရီ လောက်မှ မီးစတင် လောင်ကြွမ်း တယ်လို့ သိရပါတယ်။ ယခု ပို့စ်တင်နေသော အချိန်ထိ မီးသတ်ကားများ လှုတ်ရှားသွားလာ နေကြရတုံးဟု သိရပါသည်။

ချင်းမိုင် (မဇ္ဈိမ)။     ။ မုံရွာမြို့တွင် အကြီးဆုံးဖြစ်သော ချင်းတွင်း ရတနာဈေးသစ် ယနေ့နံနက် သုံးနာရီခန့်မှစပြီး ခြောက်နာရီကြာ မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း နှစ်ရာခန့်ရှိ ဈေးရုံ တခုလုံးနီးပါး လောင်ကျွမ်းသွားခဲ့သည်။

အထည်နှင့် စားသောက်ကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဈေးသစ်သည် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဈေးလုံခြုံရေးများက ယုံကြည်နေကြပြီး နံနက် ၉  နာရီတွင်မှ မီးငြိမ်းသွားသည်။

ချင်းတွင်း ရတနာဈေးသစ်သည် အရှေ့ဘက် အနောက်ဘက် ဈေးရုံနှစ်ရုံရှိပြီး ယခု မီးလောင်သောဈေးမှာ အရှေ့ဘက်ရုံ ဖြစ်သည်။ အနောက်ဘက်ရှိ ဗိုလ်ချုပ်လမ်းမနှင့် ကပ်လျှက်ရှိသော ဈေးရုံသည် လမ်းကျဉ်းလေးသာ ခြားသော်လည်း လောင်ကျွမ်းမှု မရှိခဲ့ပေ။

"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက ဆိုသည်။